051

051


ဂျွန်ဟော့ကင်းတက္ကသိုလ်ပါမောက္ခက မြန်မာစစ်ကောင်စီကို တရားဝင်မှု ပေးအပ်နေမှုအား တားမြစ်ရန် လိုအပ်

🟣 Z Fighter June 13 🟣

အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ ကားလ်ဒီဂျက်ဆင်က စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (ယူအီးစီ) ဥက္ကဌ သိန်းစိုးနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ယူအီးစီဟာ အမေရိကန်နိုင်ငံက အရေးယူ ဒဏ်ခတ်ပိတ်စို့ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးက ရင်းနှီးပျုငှါတဲ့ အစည်းအဝေးဖြစ်ခဲ့သလို ယူအီးစီရဲ့ ကြိုးပမ်းမှုတွေနဲ့ ပြင်ဆင်ထားတာတွေကို ဂျက်ဆင်က သဘောကျ ကျေနပ်ကြောင်းနဲ့ ၎င်းအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို သတင်းစကား ပြန်ပြောပေးမှာ ဖြစ်တယ်လို့ စစ်ကောင်စီမီဒီယာက ဖော်ပြခဲ့ပါသေးတယ်။

ဗြိတိန်အစိုးရရဲ့ အဆိုအရ "သိန်းစိုးက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲများမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်မဲပေးထားတဲ့ သဘောထားတွေကို ပယ်ဖျက်ဖို့ ကြိုးပမ်းမှုနဲ့ ဒီမိုကရေစီ ဖြစ်စဉ်အပေါ် ဟန့်တားနှောက်ယှက်တဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူဖြစ်ပါတယ်။

အထူးသဖြင့် တိကျသေချာမှုမရှိတဲ့ ရွေးကောက်ပွဲ မဲမသမာမှု စွပ်စွဲချက်တွေနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလာဒ်တွေကို ဖျက်သိမ်းခဲ့တဲ့ အမိန့်ကြေညာချက်တစ်ရပ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်" လို့ဆိုပါတယ်။

တရားမဝင်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားအတွက် အလုပ်အကျွေး ပြုဖို့ ယူအီးစီက အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ပါမောက္ခဂျက်ဆင်ရဲ့ မြန်မာစစ်တပ်နဲ့ ဂုဏ်သိက္ခာမဲ့တဲ့ ထိတွေ့ဆက်ဆံမှု‌ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကျဲတိုက်ခိုက်မှုတွေနဲ့ အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ၊ အင်အားသုံး အတင်းအကြပ် ရွှေ့ပြောင်းစေတာ၊ ဥပဒေမဲ့ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် ရရှိပိုင်ခွင့်တို့အပေါ် ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း အလျဉ်းမရှိဘဲ ဆက်ပြီး ကျူးလွန်နေချိန်မှာ စစ်ကောင်စီကို ဂျက်ဆင်က ပြောင်ကျကျ ပံ့ပိုးလာတာ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ဝန်ထမ်း ၁၃,၀၀၀ လောက်ကို အလုပ်ထုတ်ခဲ့ကြောင်း University World News က ၂၀၂၁ ခုနှစ် မေလမှာ သတင်းရေးသား ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ နွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းနေရာမှာ ပါဝင်နေပြီး၊ စစ်ကောင်စီရဲ့ သတ်ဖြတ်ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ပါမောက္ခဂျက်ဆင်ရဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ တွေ့ဆုံမှုက ဂျွန်ဟော့ကင်းတက္ကသိုလ်အနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို ထောက်ခံပံ့ပိုးကြောင်း မြန်မာပြည်သူတွေဆီ သတင်းစကား ပါးလိုက်တာ ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ဒါဟာ ဂျက်ဆင်အနေနဲ့ မြန်မာတက္ကသိုလ်ဝန်ထမ်းတွေ၊ ကျောင်းသားတွေရဲ့ ဘဝတွေနဲ့ ဆန္ဒရည်မှန်းချက်တွေအပေါ် အရှက်မရှိ မလေးမစားမှုကို ဖော်ပြလိုက်တာ ဖြစ်သလို ဂျက်ဆင်ရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံခဲ့တာတွေဟာ မြန်မာစစ်တပ်ကို အကျိုးပြုခဲ့တဲ့ သမိုင်းနောက်ကြောင်းတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ် စစ်တပ်က ဇာတ်ညွှန်းရေးသားဖန်းတီးထားတဲ့ အသွင်ကူးပြောင်းမှုအစပိုင်း အမေရိကန် လွှတ်တော်ကြားနာမှုတစ်ခုမှာ ဂျက်ဆင်က "နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောဆို နေကြသူတွေဖြစ်စေ၊ အစိုးရအဖွဲ့ဝင်တွေဖြစ်စေ၊ ဒါမှမဟုတ် ဟိုတယ်ဧည့်ခန်းမက လူတွေဖြစ်စေ နိုင်ငံတဝန်းသဘောထားအမြင် တညီတညွတ်ထဲ ဖြစ်နေတာ ရှိပါတယ်။ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး၊ နောက်ကြောင်း ပြန်သွားမှာ မဟုတ်တော့ဘူး၊ စစ်အုပ်ချုပ်ရေး ဇာတ်သိမ်းသွားပြီ ဆိုတဲ့အပေါ် အကန့်ကွက်မရှိ သဘောထားအမြင် တူညီနေကြပြီ ဖြစ်ပါတယ်" လို့ ထွက်ဆိုခဲ့ပါတယ်။

အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ၎င်းရဲ့လွှတ်တော်မိန့်ခွန်းကို အသုံးပြုခဲ့ပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာက စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေ ကြွယ်ဝချမ်းသာဖို့ ကူညီပေးခဲ့တာဖြစ်ပြီး ၎င်းက အမေရိကန် စစ်ဘက်ပညာရေးစနစ်မှာ မြန်မာစစ်တပ် ဝန်ထမ်းတွေအတွက် နေရာပေးဖို့ကိုလည်း တောင်းဆိုပေးခဲ့ပါတယ်။

ဒါ့ကြောင့် အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်အနေနဲ့ ဂျက်ဆင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို တက္ကသိုလ်က ခွင့်ပြုပေးခဲ့တာမျိုး ရှိမရှိကို အရေးတကြီး ရှင်းလင်းရမှာ ဖြစ်ပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်အနေနဲ့ လူ့အခွင့်အရေးတွေအပေါ် လေးစားလိုက်နာပြီး၊ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုအားလုံးကို တားမြစ်ပိတ်ပင်ရမှာ ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

Report Page